-------------- စစ်တပ်က ဘာကြောင့် အလောဘွမ်(Alawbum) တောင်ကြောကိုအသည်းအသန် ပြန်တိုက်နေရတာလဲ?

Ad Code

Responsive Advertisement

စစ်တပ်က ဘာကြောင့် အလောဘွမ်(Alawbum) တောင်ကြောကိုအသည်းအသန် ပြန်တိုက်နေရတာလဲ?

စစ်တပ်က ဘာကြောင့် အလောဘွမ်(Alawbum) တောင်ကြောကို
အသည်းအသန် ပြန်တိုက်နေရတာလဲ?
... .... ... .... ... .... ... .... ... .... ... .... ... ..

Credit : #MyanmarWeaponsObservers

စစ်တပ်အနေနဲ့ ဘာကြောင့် အလောဘွမ်(Alawbum) ကို အသည်းအသန် ပြန်သိမ်းဖို့ ကြိုးစားနေတာလဲ ဆိုတဲ့မေးခွန်းကို စာဖတ်သူတွေမေးလာလို့ တီးမိခေါက်မိရှိတာလေး ပြန်ရေးပေးလိုက်ပါတယ်။ အလောဘွမ်ကို တိုက်တာတိုက်နေတာ ဘာလို့ စစ်တပ်ကတိုက်နေရတာလဲ၊ KIA က ခုခံနေရတာလဲ မသိသေးတဲ့လူတွေ သိဖို့လိုပါတယ်။

စစ်တပ်အနေနဲ့ အလောဘွမ်တောင်ကြောကြီးကို ၁၉၉၀ ခုနှစ်ဝန်းကျင်မှာ KIO/KIA ဌာနကို ထိုးစစ်ဆင်ခဲ့ပါတယ်။ ၁၉၉၄ ခုနစ်မှာ စစ်တပ်နဲ့ ခဏတာငြိမ်းချမ်းရေးယူခဲ့ပြီး စစ်ပွဲတွေ ခဏငြိမ်ခဲ့ပါတယ်။ စစ်တပ်ဟာ KIA/KIO နဲ့ ငြိမ်းချမ်းရေးယူပြီး
အလောဘွမ်တောင်ကြောပေါ်မှာ ဘန်ကာများနဲ့ ခံတပ်စခန်းများ အခိုင်အမာဆောက်ကာ KIA ကိုထိန်းထားပြီး နယ်မြေစိုးမိုးရေးယူထားတဲ့ တောင်ကြောဖြစ်ပါတယ်။ ရှမ်းမြောက်ကနေ ကချင်ပြည်နယ်ဘက်ကိုဝင်မယ့် နယ်မြေတစ်ကြောလုံးကို စိုးမိုးထားတဲ့ တောင်ကြောကြီးလည်း ဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ လိုင်ဇာဌာနချုပ်ရဲ့ အလောဘွမ်သည် အနောက်တောင်ဘက်တွင်ရှိတဲ့
တောင်ကြောဖြစ်ပါတယ်။ ဒါ့အပြင် လိုင်ဇာနဲ့ အလောဘွမ်တောင်ကြောဟာ မိုင် ၂၀ ကျော်သာ ဝေးပါတယ်။ ယခင် စစ်တပ်အနေနဲ့ ပေးဆပ်မှုကြီးမားစွာနဲ့ သိမ်းယူထားတဲ့ ဂီဒေါင်တောင်ကြောထက် KIA ဌာနချုပ်နဲ့ ပိုပြီးနီးတာကြောင့် စစ်ရေးအရ အရေးပါပါတယ်။ ဒါကြောင့် အလောဘွမ်ဆိုတာဟာ KIA အတွက်တော့ ယခုမတိုင်ခင်က နှစ်ပေါင်းသုံးဆယ်ကျော် စူးဝင်နေတဲ့ စစ်တပ်ရဲ့ အမာခံတပ်စခန်းကြီးတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် လိုင်ဇာလို KIA ဌာနချုပ်ကို သိမ်းမယ်ဆိုရင် အလောဘွမ်တောင်ကြောကြီး တစ်ခုလုံးကို ပြန်လည်စိုးမိုးထားကာ တောင်ပေါ်ကနေ လက်နက်ကြီးများ၊ အမြောက်များတင်ပြီး fire support ပစ်ကူကောင်းကောင်းပေးပြီး KIA တပ်မဟာ(၅)၊ တပ်မဟာ(၃)နဲ့ အခြားတပ်တွေကို နှောက်ယှက်နိုင်ပါတယ်။

တောင်ကြောရဲ့အနောက်ဘက်မှာ ဗန်းမော်-မြစ်ကြီးနား ကားလမ်းကြီးရှိပါတယ်။ ထိုလမ်းကိုအခြေပြုပြီး အလောဘွမ်ရဲ့အနောက်ဘက်ပိုင်း တောင်ခြေမှာတည်ထားတဲ့ ဒေါ့ဖုန်းယမ်နဲ့ နာလုံး ဆိုတဲ့မြို့တွေ ရှိပါတယ်။ ထိုလမ်းဟာ လိုင်ဇာကိုတိုက်ခဲ့လျှင် ရှမ်းမြောက်ကနေ ဝင်လာရမယ့် စစ်တပ်၏ supply lane အဖြစ် လူအင်အား၊ လက်နက်၊ ရိက္ခာများကို ဖြည့်တင်းရာ ဆက်သွယ်လမ်းအဖြစ် အသုံးပြုရမယ့်လမ်း ဖြစ်ပါတယ်။ 

ဒါကြောင့် KIA အနေနဲ့ သူတို့ရဲ့ပထမဆုံးထိုးစစ်အဖြစ် သူတို့ထဲ နှစ် ၃၀ ကျော် စူးဝင်နေတယ့် အလောဘွမ် (Alawbum) ကို မတ်လ ၂၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ ပထမဆုံးစစ်မျက်နှာ စဖွင့်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်အတွက် နှစ် ၃၀ ကျော်ကြာထိန်းသိမ်းလာပြီးမှ တခဏအတွင်းသိမ်းယူခံရတာမို့ ဂုဏ်သိက္ခာအရကော စစ်ရေးအရပါ ပြန်ရဖို့လိုပါတယ်။ ဒါကြောင့် ဧပြီလကနေစပြီး စစ်တပ်ဟာ လူ၊ လက်နက်များ ဖြည့်တင်းခြင်းများပြုလုပ်ကာ တရုတ်လေပိုင်နက် ၅ မိုင်ကိုပါယူပြီး လေကြောင်း air support ယူပြီး သာလွန်အင်အားနဲ့ ပြန်သိမ်းဖို့ကြိုးစားနေသည်မှာ တစ်လခွဲကြာနေပါတယ်။ တောင်ကြောကြီးတစ်ခုလုံးဟာ KIA ရဲ့ တပ်မဟာ(၅)၊ တပ်မဟာ(၃) နဲ့ KIA အထူးတပ်များ၊ AA တပ်များ လှုပ်ရှားတဲ့နယ်မြေနဲ့ နီးစပ်တာမို့စစ်တပ်ရဲ့ ထောက်ပံ့လမ်းကြောများကို မိုင်းဆွဲခြင်းများ၊ ဖြတ်တောက်တိုက်ခိုက်ခြင်းများ ပြုလာပါတယ်။ ဒါကြောင့် စစ်တပ်အနေနဲ့ အခက်တွေ့ရသလို သိမ်းဖို့ကြိုးစားရင်း ကျဆုံးမှုများဖြစ်ပေါ်နေရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ်အနေနဲ့ အလောဘွမ်ကိုပြန်လည်စိုးမိုးမှုမရမချင်း တိုက်နေမှာဖြစ်သလို KIA အနေနဲ့လည်း သူတို့ဌာနချုပ်တွေအပေါ် အစိုးမိုးခံမှာမဟုတ်တေ့ာတာကြောင့် ဆုတ်ပေးတော့မှာမဟုတ်ပါဘူး။ဒါကြောင့် အလောဘွမ်စစ်မျက်နှာဟာ တဖြေးဖြေး ပြင်းထန်လာနိုင်ပြီး နစ်ဖက်လုံးအသေအပျောက်တွေ ဖြစ်နိုင်ပါတယ်။

#MyanmarWeaponsObservers

Post a Comment

0 Comments