-------------- ကမ္ဘာကျော် ဖာနိုင်ငံဖြစ်ခဲ့တဲ့ ဂျပန်တောင် ဒီလို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှတော့ ကျနော်တို့ မြန်မာတွေ "တို့ခေတ်ရောက်မှ မညံ့ကြစေနဲ့"။

Ad Code

Responsive Advertisement

ကမ္ဘာကျော် ဖာနိုင်ငံဖြစ်ခဲ့တဲ့ ဂျပန်တောင် ဒီလို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှတော့ ကျနော်တို့ မြန်မာတွေ "တို့ခေတ်ရောက်မှ မညံ့ကြစေနဲ့"။

ကမ္ဘာ့ထိပ်တန်း ဖာနိုင်ငံ

အမိမြန်မာပြည်ဟာ ဗိုလ်ချုပ်ပြောခဲ့သလို ဖာနိုင်ငံကြီး ဖြစ်နေပါပြီဆိုပြီး ဝမ်းနည်းပက်လက် ယူကျုံးမရ ဖြစ်နေသူတွေကို အားပေးချင်ပါတယ်။ စိတ်ဓာတ်မကျနဲ့။ ပြည်သူအားလုံး ဝိုင်းဝန်းကြိုးစားရင် ကျနော်တို့ နိုင်ငံလည်း ကမ္ဘာမှာ ထိပ်တန်းဖြစ်အောင် တက်လှမ်းနိုင်ပါလိမ့်မယ်။
ကျနော်ပြောမယ့် ဖာနိုင်ငံကြီးအကြောင်း သိရအောင် ဆရာကြီး သော်တာဆွေရေးခဲ့တဲ့ စာတစ်ပိုဒ်ကို ဖတ်ကြည့်ပါ။ ၁၉၃၉ ခုနှစ် ရန်ကုန်မြို့ အခြေအနေကို တစ်စွန်းတစ်စ သိရပါမယ်။ ဆရာကြီးရေးခဲ့တဲ့ စာလုံးပေါင်းသတ်ပုံအတိုင်း ကူးထားတာပါ။
_________________________________________
ထိုခေတ် ထိုအခါက ပြည့်တန်ဆာရပ်ကွက်တို့သည် လူသိရှင်ကြား ထင်ထင်ရှားရှား ရှိကြကုန်၏။ စမ်းချောင်းရပ် မအူပင်လမ်းနှင့် ညောင်တန်းလမ်းထိပ်ရှိ သင်းချိုင်းကုန်းဟောင်းမှာ တခြမ်းက ဈေးအပေါဆုံး ဖြစ်သည်။ တမတ်ထဲ ကိုယ့်လူရေ။ ရန်ကုန်မြို့ ၁၇လမ်း (ဒါလဟိုဇီနှင့် ဖရေဇာကြား) (မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြား) ကတော့ တကျပ်တန်း။ ဤလမ်းထဲ သင်ဝင်သွားပါက အဆွယ်များက သင့်အား အငမ်းမရ ခေါ်ကြပေလိမ့်မည်။ သူခေါ်ရာ သင်အပေါ်ထပ်သို့ ပါသွားပြီဆိုပါက ကောင်မလေးတွေက တန်းစီပြပေလိမ့်မည်။

ဗမာလို ထမီဝတ်တွေအပြင် တရုတ်မလို ဗောင်းဗီဝတ်၊ ကုလားမလို ဆာရီဝတ်၊ ဗိုလ်မလို ဂါဝန်ဝတ်တွေလည်း အမျိုးစုံရှိ၏။ အပေါစား ပေါင်ဒါနံ့၊ ရေမွှေးနံ့ တထောင်းထောင်းနှင့် မျက်နှာချေများ လိမ်းခြယ်လျက် သင်ကြိုက်ရာရွေးနိုင်ပါသည်။၄င်းတို့ကား စိတ်မချရ။ ရောဂါရတတ်ပါသည်။ သန့်သန့်ပြန့်ပြန့်နှင့် အန္တရာယ်ကင်းကင်း လှလှပပ လူမျိုးခြားမ ရလိုပါက လမ်း ၄၀ သို့ ကြွပါ။ ဈေးကမသေးဘူး။ ၁၀ ခင်ဗျာ့။ ဂျပန်မများဖြစ်သည်။ သူတို့မှာ ဆရာဝန်ရှိသည်။ သင့်ကို ပထမစစ်ဆေးကြည့်၍ သန့်ရှင်းပါမှ ဆက်ဆံခွင့်ရ၏။
_____________________________________________
အထက်က စာပိုဒ်ကို ဖတ်လိုက်တဲ့အခါ၊ ဆရာကြီး သော်တာဆွေရေးခဲ့တဲ့ ဒုတိယကမ္ဘာစစ်မတိုင်မီ ရန်ကုန်မြို့မှာ ဂျပန်ပြည့်တန်ဆာတွေ ရှိခဲ့တယ်ဆိုတဲ့ သမိုင်းအထောက်အထား တစ်ခုကို သတိထားမိပါလိမ့်မယ်။ ပြီးတော့၊ ဂျပန်ပြည့်တန်ဆာခန်းဟာ အဆင့်အတန်းမြင့်မြင့် စနစ်တကျ စီမံလုပ်ကိုင်နေတာကိုလည်း သိရတယ်။ တကယ်တော့ တစ်ခေတ်တစ်ခါတုန်းက ဂျပန်ဟာ ဖာနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်များဆီအထိ ဂျပန်ဟာ ဖာနိုင်ငံဘဝက မလွတ်သေးဘူးဆိုရင် အံ့ဩသွားမယ်ထင်တယ်။ 
ရှေးတစ်ချိန်တုန်းက ဂျပန်အမျိုးသမီးတွေဟာ နိုင်ငံခြားတိုင်းပြည်က ပြည့်တန်ဆာခန်းတွေမှာ အလုပ်လုပ်ခဲ့ကြရတယ်။ ကာရယုကိစန် () ဆိုတဲ့ စကားလုံးဟာ ဂျပန်စာအဓိပ္ပာယ်အရ တရုတ်ပြည်ကို သွားသူဆိုပေမယ့်၊ နိုင်ငံခြားသွားပြီး ပြည့်တန်ဆာလုပ်သူအားလုံးကို သိမ်းကျုံးခေါ်တာပါ။

ဂျပန်ပြည့်တန်ဆာခန်းတွေဟာ တရုတ်ပြည်၊ မလေးရှား၊ စင်ကာပူ၊ ဖိလိပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဟောင်ကောင်၊ ဗြိတိသျှလက်အောက် အိန္ဒိယနဲ့ မြန်မာနိုင်ငံလို အာရှတိုင်းပြည်တွေသာမက ဩစတြေးလျ၊ အမေရိကန်နိုင်ငံမှာ ကယ်လီဖိုးနီးယား၊ ရုရှားစတဲ့ နိုင်ငံတွေမှာလည်း ဖွင့်လှစ်ပြီး အကြီးအကျယ်လုပ်ခဲ့တယ်။ ဆရာကြီးသော်တာဆွေရဲ့ စာအရ ရန်ကုန်မြို့ လမ်း ၄၀ မှာ ဂျပန်ပြည့်တန်ဆာခန်းရှိခဲ့တာ သမိုင်းသက်သေအတိအကျပါပဲ။

ဂျပန်နိုင်ငံကို ခေတ်မီတိုးတက်အောင် လမ်းဖွင့်ပေးခဲ့တဲ့ မဲဂျိ ပြုပြင်ပြောင်းလဲရေးခေတ် ဆိုတာ ရှိတယ်။ မဲဂျိဧကရာဇ်ဘုရင် နန်းတက်တာ ၁၈၆၈ ခုနှစ်ဆိုတော့ မြန်မာပြည်မှာ မင်းတုန်းမင်းစိုးစံတဲ့ ကုန်းဘောင်ခေတ်နှောင်းပေါ့။

နှစ် ၂၀ဝ လောက် တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့တဲ့ ဂျပန်နိုင်ငံဟာ အလွန်တရာမှ ဆင်းရဲမွဲတေခဲ့ပြီး မဲဂျိခေတ်ရောက်မှ ပြင်ပနိုင်ငံတွေနဲ့ စတင်ဆက်ဆံပါတယ်။ အဲဒီအချိန်မှာ တံငါရွာတွေ၊ လယ်သမားရွာတွေက မိန်းကလေးတွေကို လူပွဲစားတွေက လိုက်ဝယ်တယ်။ စားရမဲ့သောက်ရမဲ့ ဆင်းရဲသားတွေက သမီးမိန်းကလေးကို ရောင်းစားတာလည်း ရှိတယ်။ တချို့မိန်းကလေးတွေကို မြို့မှာ အလုပ်ရမယ်ဆိုပြီး လိမ်လည်လှည့်ဖြား ခေါ်သွားတာတွေလည်း ရှိခဲ့တယ်။

ဒီမိန်းကလေးတွေကို စောစောက ပြောခဲ့တဲ့ နိုင်ငံတွေက ပြည့်တန်ဆာခန်းတွေကို ပို့ပြီး ပိုက်ဆံရှာခိုင်းတာပါပဲ။ စင်ကာပူလို ကျွန်းနိုင်ငံသေးသေးလေးမှာတောင် ဘူဂစ်စ်၊ မလေးလမ်း (အခုနာမယ်ပြောင်းထားတဲ့ Middle Street) မှာ ဂျပန်ပြည့်တန်ဆာခန်းတွေရှိတယ်။ ၂၀ ရာစု အစပိုင်း စင်ကာပူမှာရှိတဲ့ ဂျပန်လူမျိုး ၆၀ဝ ဝန်းကျင်မှာ ၂၀ လောက်ပဲ ကောင်းရောင်းကောင်းဝယ် အလုပ်လုပ်ပြီး ကျန်တာအားလုံး ပြည့်တန်ဆာလုပ်ငန်းနဲ့ ဆက်စပ်ပတ်သက်နေပါသတဲ့။ အဲဒီလောက် ဖာလူမျိုးဖြစ်တာ ရှိပါဦးမလား။

အဲဒီ ဂျပန်ပြည့်တန်ဆာမလေးတွေဟာ ကိုယ့်နိုင်ငံကို မပြန်နိုင်တော့ဘဲ သေတဲ့အထိ သူများတိုင်းပြည်မှာ နေသွားကြရသူတွေ အများကြီးပါ။ ခုလည်းပဲ ဆီရန်ဂွန်းအရပ်နားက ဂျပန်သင်္ချိုင်းမှာ သွားကြည့်ရင် စင်ကာပူမှာ သေဆုံးသွားခဲ့ကြတဲ့ ကာရယုကိစန် ပြည့်တန်ဆာတွေရဲ့ သင်္ချိုင်းဂူတွေ တွေ့ရပါလိမ့်မယ်။

ဒီလို နိုင်ငံခြားတိုင်းပြည်မှာ ပြည့်တန်ဆာလုပ်နေသူတွေကြောင့် နိုင်ငံနဲ့ လူမျိုးဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းရကြောင်း ဂျပန်တွေက အပြင်းအထန် ဝေဖန်ကြတယ်။ ပြီးတော့၊ ဂျပန်ဆိုတာ နေနတ်မင်းက ဆင်းသက်လာတဲ့ နေမျိုးနွယ်ဆိုပြီး သူများလူမျိုးတွေထက် မြင့်မြတ်တယ်ဆိုတဲ့ အမျိုးသားရေးစိတ်ကလည်း အလွန်ပြင်းထန်တယ်လေ။ မြင့်မြတ်တဲ့ နေမျိုးနွယ် အမျိုးသမီးလေးတွေက သူများလူမျိုးတွေဆီမှာ ဖာဖြစ်ရတာ အသည်းခိုက်အောင် နာကျည်းကြတယ်။

ဒါပေမဲ့လည်း ဂျပန်နိုင်ငံဟာ ဆင်းရဲမွဲတေလွန်းတော့ အဲဒီ ပြည့်တန်ဆာမလေးတွေ မိဘဆီ ပြန်လွှဲပို့တဲ့ နိုင်ငံခြားငွေကို မှီခိုအားထားနေရတယ်။ ဒါကြောင့် ဂျပန်အစိုးရလည်း မျက်စိမှိတ်ပြီး နေရတော့တာပဲ။ ၂၀ ရာစု အစပိုင်းလောက်ကျတော့ ဂျပန်နိုင်ငံမှာ စစ်ဝါဒခေါင်းထောင်လာပြီး စစ်ရေးတည်ဆောက်မှုတွေ အကြီးအကျယ် လုပ်လာတယ်။ အာရှတိုက်ကို သိမ်းပိုက်ပြီး ဂျပန်ဧကရာဇ်အင်ပိုင်ယာကြီး တည်ဆောက်ဖို့ စိတ်ကူးယဉ်ရင်း ကြည်းတပ်၊ ရေတပ်တွေ အင်အားကို မတန်တဆ တိုးမြှင့်လာတယ်။ (အဲဒီခေတ်က ဂျပန်မှာ လေတပ် သီးသန့်မရှိဘူး။ ကြည်းတပ်လက်အောက် လေတပ်နဲ့ ရေတပ်လက်အောက် လေတပ်ဆိုပြီး နှစ်ခုရှိတယ်။)

ဂျပန်နိုင်ငံရဲ့ ဘတ်ဂျက်မှာ စစ်အသုံးစရိတ်က ကြီးမားလွန်းလို့ စစ်အင်အားကြီးထွားလာသလောက် ပြည်သူလူထုကတော့ လူမွေးလူတောင် မပြောင်ဘူး။ အဲဒီလိုနဲ့ ဒုတိယကမ္ဘာစစ်မှာ ဝင်တိုက်တော့ စစ်ရှုံးနိုင်ငံဘဝရောက်ပြီး နူရာဝဲစွဲ လဲရာသူခိုးထောင်း စစ်လျော်ကြေးနဲ့ အကြွေးတွေ ပတ်လယ်ဝိုင်းနေပါတော့တယ်။

ဒီတော့ ဘာပြောကောင်းမလဲ ဂျပန်မလေးတွေအများကြီး ဖာဖြစ်ကုန်တာပေါ့။ စစ်နိုင်တဲ့ မဟာမိတ်တပ်တွေ၊ ဂျပန်မှာ သိမ်းပိုက်တပ်စွဲထားတဲ့ အမေရိကန်တပ်တွေအတွက် ပြည့်တန်ဆာလုပ်ပြီး ဝင်ငွေရှာကြရတာလေ။
ဒါပေမဲ့လည်း ဂျပန်ပြည်သူလူထုဟာ ခံပြင်းနာကျည်းစိတ်တွေနဲ့ ကုန်းရုန်းပြီး ကြိုးစားကြတယ်။ လက်နက်ချစာချုပ်အရ ကာကွယ်ရေးအသုံးစရိတ်ကို စုစုပေါင်းအမျိုးသားထုတ်လုပ်မှု (GDP) ရဲ့ ၁% ထက် မပိုစေရအောင် ကန့်သတ်ထားတော့ ကျန်ငွေတွေကို တိုင်းပြည်ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးတွေမှာ ပိုပြီး အသုံးပြုလာခဲ့နိုင်တယ်။

အရင်တုန်းက စစ်သုံးပစ္စည်းနဲ့ စစ်လက်နက်တွေချည်းပဲ ပုံအော ထုတ်လုပ်ခဲ့တဲ့ စက်မှုလုပ်ငန်းတွေဟာ စီးပွားရေးကုန်ထုတ်လုပ်မှု အသွင်ပြောင်းလာခဲ့ကြတယ်။ ဥပမာဆိုရင်၊ စစ်အတွက် တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်တွေ ထုတ်လုပ်ခဲ့တဲ့ မစ်ဆုဘီရှီဟာ အကြီးစားစက်မှုလုပ်ငန်းအသွင် ပြောင်းပြီး ကုန်တင်ထရပ်ကား၊ ကရိန်းကား၊ မြေသယ်ယာဉ်တွေ ထုတ်လာတာပေါ့။

ရေတပ်အတွက် လေယာဉ်တင်သင်္ဘော၊ တိုက်သင်္ဘော၊ ဖျက်သင်္ဘောတွေ ထုတ်လုပ်ခဲ့တဲ့ ကာဝါဆာကီလည်း အကြီးစားစက်မှုလုပ်ငန်းအဖြစ် ကုန်သင်္ဘော၊ ဆွဲသင်္ဘော၊ ခရီးသည်တင်သင်္ဘော၊ ဆီတင်သင်္ဘောတွေ ပြောင်းလဲထုတ်လုပ်ပြီး ကမ္ဘာ့ကုန်သွယ်ရေကြောင်းလုပ်ငန်းကို ဝင်တိုးလာတယ်။

စစ်သုံးလေယာဉ်တွေကို ဒီဇိုင်းထုတ်တည်ဆောက်ခဲ့ကြပြီး စစ်ပြီးဆုံးတဲ့အခါ အလုပ်လက်မဲ့ ငတ်ပြတ်နေကြတဲ့ ဂျပန်အင်ဂျင်နီယာတွေကို စီးပွားရေးလုပ်ငန်းရှင်ကြီးများက ခေါ်ယူစုဆောင်းပြီး တိုယိုတာ၊ နိဆန်စတဲ့ မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတွေ ထူထောင်ခဲ့တယ်။ လေယာဉ်အင်ဂျင်ကနေ ပြောင်းလဲလာတဲ့ ဂျပန်ကားတွေဟာ ကမ္ဘာ့ဈေးကွက်မှာ နေရာကောင်းရလာပါတော့တယ်။

စစ်ပြီးလို့ နှစ် ၂၀ အကြာ ၁၉၆၄ ခုနှစ်၊ တိုကျို အိုလံပစ်ပွဲတော်ကျင်းပတဲ့အခါ ဂျပန်ဟာ ပြာပုံထဲကရုန်းထလို့ စက်မှုနိုင်ငံအသွင် ပီပီပြင်ပြင် ကူးပြောင်းနိုင်ပါပြီ။ ကမ္ဘာ့အမြန်ဆုံး ရှင်ကန်းဆင်ကျည်ဆန်ရထား၊ သန့်ရှင်းစနစ်ကျတဲ့ မြို့ပြတည်ဆောက်မှုတွေနဲ့ ဂုဏ်ယူဝင့်ကြွားနေပါတယ်။ ဆီကိုနာရီ၊ ဆိုနီရေဒီယို၊ ကင်နွန်ကင်မရာ၊ တိုယိုတာကား၊ ဟွန်ဒါဆိုင်ကယ် ဆိုတဲ့ ဂျပန်လုပ်ပစ္စည်းတွေဟာ ကမ္ဘာ့ဈေးကွက်မှာ လက်ဝါးကြီးအုပ်ထားနိုင်ပြီလေ။

ဂျပန်နိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုဟာ ကြောက်ခမန်းလိလိ ခုန်ပျံကျော်လွှားပြီး ကမ္ဘာ့စီးပွားရေးမှာ ဒုတိယအင်အားအကြီးဆုံး ဖြစ်လာခဲ့တယ်။ စက်မှုလုပ်ငန်းတွေမှာ အလုပ်သမားလိုအပ်လွန်းလို့ အမျိုးသမီးလေးတွေ ပြည့်တန်ဆာလုပ်ဖို့ မလိုတော့ဘဲ ဂုဏ်သိက္ခာရှိရှိ အလုပ်လုပ်လာနိုင်ပြီ။

စစ်အသုံးစရိတ်ကို ၁% အောက် လျှော့ချပြီး ပညာရေးဖက်မှာ ပိုပြီး သုံးစွဲလာခဲ့တာကြောင့် ဂျပန်နိုင်ငံမှာ အလယ်တန်းအထိ မသင်မနေရ ပညာရေးဥပဒေ ပြဋ္ဌာန်းကျင့်သုံးခဲ့ပါတယ်။ ဒီနေ့အထိလည်း ဒီဥပဒေရှိနေဆဲပါပဲ။ မိန်းကလေးတွေဟာ ပညာသင်လာတာနဲ့အမျှ စဉ်းစားဆင်ခြင်ဉာဏ်လည်း မြင့်မားလာတော့ ပြည့်တန်ဆာ လုပ်ချင်သူ နည်းပါးလာတော့တာပေါ့။

၁၉၈၀ ခုနှစ်များဟာ ဂျပန်စီးပွားရေးရွှေခေတ်လို့ ပြောရလောက်အောင် တိုးတက်ခဲ့တယ်။ ၁၉၉၀ ခုနှစ်များမှာတော့ ဂျပန်နိုင်ငံမှာ မျက်လုံးပြူးစရာ ပြဿနာကြီး ရင်ဆိုင်ရတော့တယ်။ ဘာလဲဆိုတော့၊ ပြည့်တန်ဆာလုပ်မယ့်၊ ဘားဧည့်ခံမယ်လုပ်မယ့်၊ ရေချိုးခန်း အနှိပ်ခန်းမှာလုပ်မယ့် ဂျပန်အမျိုးသမီး အလွန်ရှားပါးလာတဲ့ ပြဿနာပါပဲ။

ပညာသင်ကြားပြီး စဉ်းစားတတ်လာတဲ့ ဂျပန်အမျိုးသမီးလေးတွေဟာ ဝင်ငွေပိုရတဲ့ ပြည့်တန်ဆာအလုပ်ထက် "အလုပ်ဟူသမျှ ဂုဏ်ရှိစွ" ဆိုတဲ့ သာမန်အလုပ်မျိုးကို ပိုပြီး တန်ဖိုးထား ရွေးချယ်လာခဲ့ကြတာကြောင့်ပေါ့။ ဒီတော့ ပြည့်တန်ဆာလုပ်ငန်းနဲ့ ဝင်ငွေလမ်းဖြောင့်ခဲ့တဲ့ ယာကူဇာတွေဟာ ထိုင်း၊ ဖိလိပိုင်၊ ထိုင်ဝမ်၊ တရုတ် စတဲ့ နိုင်ငံတွေက အမျိုးသမီးတွေကို စည်းရုံးခေါ်ယူခဲ့ကြရပါတယ်။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ သာမန်လူတွေ ပတ်စပို့ရဖို့ အလွန့်အလွန်ခက်ခဲတာကြောင့် မြန်မာအမျိုးသမီးတွေ ဂျပန်မှာ ပြည့်တန်ဆာဖြစ်တာ သိပ်မရှိခဲ့ဘူး။ (လုံးဝမရှိဘူးလို့ မပြောပါဘူး၊ အနည်းအကျဉ်း ရှိတယ်။ နောင်အခွင့်ကြုံမှ သတ်သတ်ရေးပါမယ်။ ခုတော့ စာရှည်မစိုးလို့ပါ။)

ခုခေတ် ဂျပန်နိုင်ငံက တိုကျို၊ ယိုကိုဟားမား၊ အိုဆာကာ၊ နာဂိုယာ စတဲ့ မြို့တွေရဲ့ မီးနီရပ်ကွက်တွေမှာ ကြည့်ရင် ထိုင်း၊ ဖိလိပိုင်၊ တရုတ်၊ ကိုရီးယားစတဲ့ အမျိုးသမီးတွေပဲ များပါတယ်။ တချို့ပြည့်တန်ဆာခန်းတွေဆို ထိုင်းအလံ၊ ကိုရီးယားစာလုံး၊ တရုတ်နဂါး စတာတွေနဲ့တောင် တန်ဆာဆင်ထားလိုက်သေးတယ်။ (အပြင်ကကြည့်ပြီး ပြောတာနော်။)

ဒီနေရာမှာ မြန်မာအမျိုးသမီးတွေကို ချီးကျူးဂုဏ်ပြုစရာပြောရဦးမယ်။ ၂၀ဝ၀ ခုနှစ်များမှာ ဂျပန်နိုင်ငံမှာ နေထိုင်အလုပ်လုပ်နေတဲ့ ဗီဇာရက်ကျော် မြန်မာလူမျိုး တစ်သောင်းကျော်၊ နှစ်သောင်းနီးပါးလောက် ရှိခဲ့တယ်။ အိုဗာစတေး၊ အို၊ ဝလုံးလို့ ခေါ်ကြတဲ့ တရားမဝင်နေထိုင်သူတွေအတွက် ဝင်ငွေကောင်းကောင်းရနိုင်တဲ့ ပြည့်တန်ဆာလုပ်ငန်း၊ ဘားမယ်လုပ်ငန်းတွေက အငမ်းမရ လက်ယပ်ခေါ်နေတဲ့ကြားက မြန်မာအမျိုးသမီးတွေဟာ သမ္မာအာဇီဝ သန့်ရှင်းတဲ့ အလုပ်နဲ့ ဝင်ငွေကိုသာ တန်ဖိုးထားခဲ့ကြတာ ချီးကျူးစရာပါ။

ဥပမာ၊ တစ်နာရီကို ယန်း ၂,ဝ၀ဝ (ဒေါ်လာ ၂၀) လောက် ရတဲ့ ဘားမယ်အလုပ်ကို ငြင်းပယ်ပြီး၊ ဝင်ငွေထက်ဝက် ယန်း ၁,ဝ၀ဝ လောက်နဲ့ ပိုပင်ပန်းတဲ့ သာမန် ပန်းကန်ဆေး၊ စားပွဲထိုးအလုပ်မျိုးကိုသာ အများစုက လုပ်ကိုင်ကြပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေမှာ ဂျပန်အမျိုးသမီးတွေ ပြည့်တန်ဆာလုပ်ပြီး ဝင်ငွေရှာခဲ့တဲ့ အခြေအနေကနေပြီး ဂျပန်ပြည်တွင်းမှာတောင် ဂျပန်အမျိုးသမီး ပြည့်တန်ဆာရှားပါးသွားတာ အံ့ဩစရာမဟုတ်လား။ အခုပြောပြခဲ့တဲ့ ဖြစ်စဉ်တစ်လျှောက်လုံးကို ကြည့်ရင် ပြည့်တန်ဆာ ပပျောက်နှိမ်နင်းရေးဆိုပြီး ဂျပန်အစိုးရက ထူးထူးကဲကဲ နှိပ်ကွပ်လုပ်ကိုင်တာ မတွေ့ရပါဘူး။ ပြဿနာအရင်းအမြစ်ကိုပဲ ကိုင်တွယ်သွားတာပါ။ 

နံပါတ်တစ်အနေနဲ့၊ စစ်စရိတ်ကို လျှော့ချပြီး စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ပေးတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာပြီး အမျိုးသမီးတွေ သိက္ခာရှိရှိ အလုပ်လုပ်နိုင်လာတယ်။
နံပါတ်နှစ်ကတော့၊ ပညာရေးကို အလေးပေးပြီး အလယ်တန်းအထိ မသင်မနေရပညာရေးဥပဒေ ပြဋ္ဌာန်းတယ်။ မိန်းကလေးတွေ ပညာတတ်လာတော့ စဉ်းစားဆင်ခြင်နိုင်တယ်။ ပညာတတ်တဲ့ မိန်းကလေးတွေအတွက် အလုပ်တွေလည်း ပိုပေါများလာတယ်။

ကျနော်တို့ မြန်မာနိုင်ငံမှာလည်း နှစ် ၇၀ ကျော်  ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်ဖို့ အလွန်အရေးကြီးတယ်။ ဒီလိုနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရင် စစ်အသုံးစရိတ်ကို လျှော့ချနိုင်ရုံမက တိုင်းရင်းသားဒေသတွေမှာ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမယ်။ ခိုင်မာတဲ့ နိုင်ငံခြားရေးပေါ်လစီကို တည်တည်ငြိမ်ငြိမ် ကျင့်သုံးနိုင်ရင် ကာကွယ်ရေးစရိတ်ကို လျှော့ချပြီး ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေကို ဖြည့်တင်းပေးနိုင်မယ်။ 

စာသင်ကျောင်းတွေ တိုးပွားလာပြီး ပညာတတ် မြန်မာလူငယ်လေးတွေဟာ ကိုယ့်အနာဂတ်ကို စဉ်းစားမျှော်မြင် တည်ဆောက်နိုင်လိမ့်မယ်။
အဓိကဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက် အများစုကြီး သုံးစွဲနေတဲ့ ကာကွယ်ရေးစရိတ်ကို လျှော့ချနိုင်ဖို့ ပြည်တွင်းငြိမ်းချမ်းရေးကို အရင်ဆုံး တည်ဆောက်ရမှာပါ။ ဒါကြောင့်၊ ၂၁ ရာစု ပင်လုံညီလာခံကို ကျနော် မျှော်လင့်အားထားနေပါတယ်။ အောင်မြင်ပါစေလို့လည်း ဆုတောင်းနေပါတယ်။

မြန်မာနိုင်ငံမှာ ပြည့်တန်ဆာပပျောက်ရေးဆိုပြီး ဥပဒေတွေနဲ့ ဖမ်းဆီးအရေးယူတာထက် ပြဿနာရဲ့ အရင်းအမြစ်ကို ကုစားဖို့သာ အဓိကပါပဲ။ အလုပ်အကိုင်ပေါများပြီး လူတိုင်းပညာသင်ရေးဟာ သော့ချက်ပါ။
ဖာနိုင်ငံဖြစ်လို့ စိတ်ပျက်အားငယ်စရာမလိုဘူး။ အနာသိရင် ဆေးရှိတယ်။ ကိုယ့်ဒဏ်ရာကို ကိုယ်ကုစားလို့ ကိုယ့်နိုင်ငံကို ကျားဖြစ်အောင် ပြောင်းလဲကြရမယ်။ ပြည်သူတွေကို မေတ္တာ စေတနာနဲ့ ဦးဆောင်မယ့် အစိုးရကို ကိုယ့်အသည်းကြားက မဲတစ်ပြားနဲ့ သေသေချာချာ ရွေးချယ်ဖို့က ပြည်သူတိုင်းရဲ့ အဓိကတာဝန်ပဲ။ 

ကမ္ဘာကျော် ဖာနိုင်ငံဖြစ်ခဲ့တဲ့ ဂျပန်တောင် ဒီလို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှတော့ ကျနော်တို့ မြန်မာတွေ "တို့ခေတ်ရောက်မှ မညံ့ကြစေနဲ့"။
_________________________________________
(၂၀၁၆ ခုနှစ်က ပို့စ်ဖြစ်ပါတယ်။)

Credit Min Myat Maung

မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။
#လှိုင်မြတ်အောင်🇨🇭

Post a Comment

0 Comments